မြင်းခြံ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်း(Main Course) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြင်းခြံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးက အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြင်းခြံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်း၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်သင်တန်း(Main Course)ကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ၂၃ ရက်ကြာ သင်တန်းနည်းပြ ၅ ဦးဖြင့် သင်တန်းသား ဆရာ/ ဆရာမ စုစုပေါင်း ၁၀၀ ဦးအား သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)