တပ်ကုန်း ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/က)၊တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများ၊ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီး၊ စည်ပင်မှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၁၃ မိနစ်ခန့်အချိန် မီးငြိမ်းနိုင်သည်။
မီးလောင်ရာတွင် ဦးဖြိုးသန့်ကျော် ၏ လူနေအိမ် အကျယ်အဝန်း (၂၄x၂၄)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၏ နေအိမ်ခန်းအတွင်း မီးပလပ်ခုံမှ အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနီးရှိ ဦးခင်မောင်နိုင်၏ အကျယ်အဝန်း (၂၇×၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်၊ (၁)လုံး၊ စုစုပေါင်း လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်