ထားဝယ် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကနိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ပရိတ် (ပန်း၊ ရေ၊ သဲ၊ ကျောက်၊ ချည်) များဆက်ကပ်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အန္တရာယ်ကင်း ကမ္မဝါစာများနာယူကြည်ညိုကာ ဆရာတော်သံဃာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဇေယျဝတီစာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း) ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)