ကချင်ပြည်နယ်ဝန်ကြီးချုပ် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ သွေးလှူဒါန်းပွဲများသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် သွေးလှူဒါန်းပွဲများ စသည့် ကုသိုလ် ကောင်းမှုပြုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သက်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ သက်ကြီးဘိုး/ဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ကျင်းပရာ  အသက် (၈၀)နှစ်နှင့်အထက် အဘိုးအဘွား ၁၀၀ တို့အား မြန်မာ့ဓလေ့ထုံးစံနှင့်အညီ မြို့တော်ခန်းမဝင်းအတွင်း ကုသိုလ်ပြု ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အဘိုး အဘွားများအား နံ့သာသပြေခက်ဖြင့် အတာရေပက်ဖျန်း ပူဇော်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက အဘိုး/ အဘွား များအား အသုံးအဆောင်လှူဖွယ်ပစ္စည်းများနှင့် ငွေသားစုစုပေါင်း တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင် များကလည်း အဘိုး/အဘွားများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း နေရာ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များက ငါးခုံးမ ငါးသားပေါက်ကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသိန်းကို ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။

ယင်းနောက် မြို့တော်ခန်းမ၌ ကျင်းပသည့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ နှင့်နေ့ဆွမ်းဆက်ကပ်လှူုဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ရွတ်ဖတ်ပူဇော်မှုနှင့် နှစ်သစ်ကူးမေတ္တာတရားတော် နာယူခဲ့ကြကာ လှူုဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ‌ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ စေတနာသွေး သန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ (၂၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ ကြပြီး စေတနာသွေးသန့်သွေးလှူရှင် လူပုဂ္ဂိုလ်၊ ရဟန်း၊ သံဃာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးကြကာ အာဟာရဖြည့်စွက် အစားအစာများနှင့် ချီးမြှင့်ငွေများ၊ ဆေးရုံကြီးသွေးလှူဘဏ်ဌာနမှ တာဝန်ခံဆရာဝန်နှင့် သူနာပြုများ အတွက် ချီးမြှင့်ငွေများ၊ သွေးလှူရှင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်