ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြစ်ကြီးနား  ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် သင်္ကြန်ကာလအတွင်း ပြိုင်ပွဲဝင် ယိမ်းများအနက် ဆုရပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီခွဲက မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားတွင် ဒိုင်ချုပ် Polytechnic University တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာမင်းမင်းဦးက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရယိမ်းအဖွဲ့များ၏ အမည်စာရင်းကို ကြေညာပေးသည်။

ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က စီဒီဖြင့် ယိမ်းအကပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများ၊ စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား ဆုရ ယိမ်းအဖွဲ့များ၊ စီဒီဖြင့် ကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသားဖြင့် အကောင်းဆုံး ယိမ်းအကဆုရသူများအတွက် တစ်ဦးချင်း လည်ဆွဲတံဆိပ်၊ ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က တီးဝိုင်းဖြင့် ကိုယ်ပိုင် သံစဉ်/ စာသား/ တေးသီချင်းဖြင့် ပထမဆုရ ယိမ်းအဖွဲ့အား လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးဌာနအလိုက် ကိုယ်ပိုင်သံစဉ်စာသား/တီးဝိုင်းဖြင့် ယိမ်းအကပြိုင်ပွဲတွင် ဒုတိယဆုရ ပြည်နယ်အစိုးရအဖွဲ့ယိမ်းအဖွဲ့အား လည်းကောင်း၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တီးဝိုင်းဖြင့် ကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသားဖြင့် ပထမဆုရ စည်ပင်သာယာရေးယိမ်းအဖွဲ့ကို တစ်ဦးချင်း လည်ဆွဲတံဆိပ်၊ ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပထမဆုရရှိသည့် ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာပိတ်သိမ်းလိုက်ကြောင်းနှင့် ၁၃၈၈ ခုနှစ် မင်္ဂလာနှစ်သစ်ကို ကြိုဆိုလိုက်ကြောင်းကြေညာပြီး ယိမ်းအဖွဲ့များက အဖွဲ့လိုက် စုပေါင်းကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နံ့သာရည်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်