၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြား

ရန်ကုန် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှ စတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိရောင်တော်ဖွင့် တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဦးဘိုသင်းက အဖွင့် မင်္ဂလာစကားလျှောက်ထားသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက်အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက တက်ရောက်ကြပြီး ကန်တော်အတွင်းသို့ ရောင်စုံရွှေဝါငါးမြစ်ခြင်းငါးကောင်ရေ (၁၀၀၀)ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံးစံပယ်လျက်ရှိသည့် မုစလိန္ဒနဂါးမျိုးနွယ် ကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ်ကပ်လှူပူဇော်ထားသော နာဂစိဝရာပဋပဋိမာမြတ်စွာဘုရား ဆင်းတုတော်မြတ်ကို ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ဘာဏုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင်တစ်ရက်၊ ၁၃၈၈ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ပူဇော်မှုကို ဘုရားဖူးလာပြည်သူများက လာရောက်ဖူးမြော်ကြည်ညိုနေသည်မှာ စည်ကားလျက်ရှိသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်မြေတွင် တည်ထားကိုးကွယ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာအခမ်းအနားနှင့် သီလပေးတရားပွဲတို့ ကျင်းပကြပြီး စေတီတော်ရင်ပြင်တလျှောက်၌ အလှူရှင်များ ဘုရားဖူးလာပြည်သူများအား စတုဒိတာများ ကျွေးမွေးလှူဒါန်းကြသည်။

အလားတူ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတော်ကိုးထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားတို့၌ မြန်မာနှစ်ဆန်းတစ်ရက်တွင် နှစ်သစ်မင်္ဂလာအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပကြပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိကာ အလှူရှင်များက စတုဒိတာများ ကျွေးမွေးလှူဒါန်းကြသည်။

ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် လမ်းအလိုက်သံဃာတော်များပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းများပြုလုပ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့်အားလျော်စွာ ဘုရား၊ ကျောင်း၊ ကန်များ၌ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ကုသိုလ်ဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြခြင်း၊ အသက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ခြင်း၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အစရှိသည့် ကုသိုလ်ကောင်းမှုအလှူဒါန ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)