သီပေါမြို့နယ်၌ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ စတုဒိသာမဏ္ဍပ်များဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ကို စည်ကားစွာဖွင့်လှစ်

သီပေါ ဧပြီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့်  မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊စတုဒီသာမဏ္ဍပ်နှင့် DJမဏ္ဍပ်များ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်က မြို့တော်ခန်းမရှေ့ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

အခမ်းအနားတွင်   မြို့နယ်စီမံခန့်ခွဲရေးနှင့်ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးလွင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အမှတ်(၃)နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ထက်အောင်လင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသီဟလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဆက်လက်၍ ယိမ်းအကအဖွဲ့အားလုံးမှ မြနန္ဒာသီချင်းဖြင့် ညီညာစွာပြိုင်တူကပြဖျော်ဖြေခဲ့ကြရာ  နည်းဗျူဟာမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သပြေခက်များဖြင့် ယိမ်းအကအဖွဲ့များနှင့် ဧည့်ပရိသတ်များကို နှစ်သစ်အတာရေပက်ဖျန်းကြသည်။

ထို့နောက် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ စတုဒိသာမဏ္ဍပ်နှင့် DJ မဏ္ဍပ်စသည့်နေရာများသို့ သွားရောက်အားပေးကြည့်ရှုခဲ့ကြကာ ပြည်သူများနှင့်အတူပျော်ရွှင်စွာအတာရေဖျန်းပက်၍ စည်ကားသိုက်မြိုက်စွာကျင်းပကြောင်းသိရသည်။

(မြို့နယ် ပြန်/ဆက်)