မြဝတီ ဩဂုတ် ၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် မြဝတီမြို့နယ်အတွင်းရှိ အမည်စာရင်းကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြဝတီခရိုင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်မြတ်သန္တာထက်က မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့်ပတ်သက်၍ အခက်အခဲရှိပါက တင်ပြရန်၊ မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းကပ်ထားခြင်း ပထမအကြိမ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်ခြင်း၊ ကန့်ကွက်ခြင်း၊ အမည်မှားယွင်းစွာဖော်ပြခြင်း၊ စာလုံးပေါင်းသတ်ပုံမှားယွင်းခြင်း စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ပုံစံစာရင်းတွင် ပြည့်စုံစွာဖော်ပြ၍ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် စနစ်တကျဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာမြင့်အောင်ကျော်က မဲဆန္ဒရှင်စာရင်းများမကျန်ရှိစေရေးနှင့်ပတ်သတ်၍ တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တတ်ရောက်လာသော ဌာနဆိုင်ရာများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)