အင်းစိန် ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဘိုးဘွားများအား ဂါရဝပြုလိုက်လံနှုတ်ဆက် ကန်တော့သည်။
ထို့နောက် အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ကန်တော့ခံ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးဖြင့် စုပေါင်းကန်တော့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌတို့က သက်ကြီးဘိုးဘွားများအား ဂါရဝပြုအလှူငွေနှင့် ပူဇော်ဖွယ်ရာပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီးက နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၁၃၇) ဦးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေက လက်ခံရယူခဲ့သည်။
ထို့နောက် ကန်တော့ခံသက်ကြီးဘိုးဘွားများ ကိုယ်စား အဘိုးဦးကျော်နုက ဆုတောင်းမေတ္တာပို့သပြီး နှင်းဆီကုန်းဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားကာ အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)