အင်းစိန် ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဝင် ဇေတဝန်ပရဟိတကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာဓမ္မကထိက၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တ အာလောကသာရ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ် တရားတော် များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် ဒေါက်တာဘဒ္ဒန္တအာလောကသာရထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)