နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဇီဝိတဒါန ငါးလွတ်ပွဲအခမ်းအနားနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဧပြီ ၁၇

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး ဒေါ်လွင်မီသင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်ထားသည့် နေရာအသီးသီးမှနေ၍ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမအကောင်ရေ စုစုပေါင်း ၁၈၀၀၀ အား ကန်ရေပြင်အတွင်းသို့ ဘေးမဲ့လွှတ်လှူကာ ဇီဝိတဒါန ကုသိုလ်ယူခဲ့ကြသည်။

ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ သတ္တဝါဝေနေယျတို့ ဘေးမဲ့လုံခြုံရာရရှိစေရန်၊ ကုသိုလ်ကောင်းမှု ပွားများစေရန်နှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိန်းသိမ်းရာရောက်သည့်အပြင် မင်္ဂလာကန်အတွင်း ငါးသယံဇာတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဘိုးဘွားများအား ရှိခိုးပူဇော်ကန်တော့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး ဒေါ်လွင်မီသင်က ဘိုးဘွားများအား ကန်တော့ခံပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများက ဘိုးဘွားများထံ ကန်တော့ခံပစ္စည်းများကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဘိုးဘွားများထံ ကန်တော့ခံပစ္စည်းများကိုလည်းကောင်း ကန်တော့ချိုးဖြင့် အသီးသီး‌ကန်တော့ကြပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ မေတ္တာစကား ပြန်လည်ပြောကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲအခမ်းအနား၌ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား ၄၀ ဦးတွင် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)