ငါန်းဇွန်မြို့၌ ဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနား ကျင်းပ

ငါန်းဇွန် ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၂) ရပ်ကွက် ရှင်ပင်ချမ်းသာကြီး မြတ်စွာဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျောထောက်နောက်ခံမရှိသော ဘိုးဘွားများအား ထောက်ပံ့လှူဒါန်းကန်တော့ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်ကလေး/အမျိုးသမီးရေးရာ ဉက္ကနှင့်အဖွဲ့ဝင်များက ဘိုးဘွားများအား ခြေသည်း၊ လက်သည်းညှပ်ပေးခြင်း ဆောင်ရွက်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေး/ အမျိုးသမီးရေးရာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက စုပေါင်းကန်တော့ခြင်း၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဘိုးဘွားများအား ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်များအား ကြာဇံဟင်းခါးနှင့် သာကူယိုတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)