မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးလာပြည်သူများ စည်ကား

​ချမ်းမြသာစည် ဧပြီ ၁၇

​မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ နယ်ဝေးနယ်နီးမှ ဘုရားဖူးလာရောက်ဖူးမြော်ကြည်ညိုကြသူများ၊ ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်သူများ စည်ကားများပြားလျက်ရှိသည်။

ဘုရားဂေါပကအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ရင်ပြင်တော်တစ်လျှောက်တွင် ကုသိုလ်ယူသူများနှင့် သက်ကြီးအဘိုး/အဘွားများ ပရိတ်တရားတော်များ နာကြားခြင်း၊ ပုတီးစိပ်ခြင်းနှင့် တရားဘာဝနာပွားများခြင်း၊ မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများထွန်းညှိ ကပ်လှူပူဇော်ကြသည်။

နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားကျောင်းကန်များ၌ ကုသိုလ်ပြုကြသည့် ဓလေ့သည် မြန်မာ့ယဉ်ကျေးမှု၏ ချစ်စဖွယ်ကောင်းသော အစဉ်အလာတစ်ခုဖြစ်ပြီး၊ မန္တလေးမြို့ရှိ အခြားသောတန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးပြည်သူများဖြင့် စည်းကားများပြားလျက်ရှိပြီး ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဂေါပကအဖွဲ့နှင့် လုပ်အားပေးအဖွဲ့များက ယာဉ်အဝင်အထွက်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ ဆက်)