မချမ်းဘော ဧပြီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူး၍ တောင်တန်းသာသနာပြုကျောင်း၌ သီတင်းသုံးနေထိုင်တော်မူကြကုန်သော ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပူဇော်ခြင်းနှင့် နှစ်ဦးအလှူကုသိုလ်ပြုခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက တောင်တန်းသာသနာပြုဗဟိုကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မချမ်းဘောတောင်တန်းသနာပြုဆရာတော်က ငါးပါးသီလပေးတရားတော်နှင့် နှစ်ဦးအလှူ အနုမောဒနာတရာတော်တို့ကို ဟောကြားတော်မူခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ အတွင်းရေးမှူးရဲမှူး အောင်ချိုမြင့်နှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုအစုစုနှင့်နေ့ဆွမ်းတို့ကို ကပ်လှူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက မလိခမြစ်ဆိပ်၌ ဆလားဗီးယားငါး အကောင်ရေ ၁၀၀ ကို ဇီဝိတဒါန နှစ်ဦးအလှူအဖြစ် ငါးလွှတ်ကုသိုလ်ယူခဲ့ကြသည်။
ထို့နောက် ဗုဒ္ဓဟောကြားမင်္ဂလာတရားနှင့်အညီ နှစ်ဦးကုသိုလ်အဖြစ် သက်ကြီးဘိုးဘွားပူဇော်ပွဲကို မန်ခွတ်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆက်လက်ကျင်းပရာ ဒေသခံပြည်သူသက်ကြီးဘိုးဘွား ၂၅ ဦးတို့အား ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့်အာဟာရဖြည့်ကွေကာအုပ်၊ အလှူငွေကျပ် ၃၅၀၀၀ တို့ကို သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက်သွားရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)