ကျောက်ဆည် ဧပြီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း အုန်းပွဲ၊ ငှက်ပျောပွဲ ကန်တော့ပွဲများ ပန်းနံ့သာများဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်လူမှုကိစ္စများအောင်မြင်စေရေး သစ္စာအဓိဌာန်ပြု ဆုတောင်းသည့်အခါ ပြည့်ဝသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေးအတွက် ဘုရားကြီး၏ ဂေါပကအဖွဲ့ လူကြီးများက လုံခြုံရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားပြီး ပြည်သူများ၏ လိုအပ်မှုများ ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကိုလည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးသည့်အတွက် ဘုရားဖူးပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားကြီးအား ဖူးမျှော်ကြည်နိုင်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)