လယ်ဝေးမြို့၌ မဟာသင်္ကြန်အတက်‌နေ့တွင် ယိမ်းပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

လယ်ဝေး ဧပြီ ၁၇

သင်္ကြန်အတက်နေ့တွင် လယ်ဝေးမြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေယှဥ်ပြိုင်ခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်လျက်ရှိပြီး  လမ်းလျှောက်သင်္ကြန်၊ စတုဒီသာမဏ္ဍပ်များ၊ သနပ်ခါးမဏ္ဍပ်များဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

လယ်ဝေးမြို့နယ်၏ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက သီရိရတနာဈေးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပရာ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက နှစ်သစ်ကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ၂၀၂၆ခုနှစ်၊ လယ်ဝေးမြို့နယ် မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်ပေးကြသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့ မဟာသင်္ကြန်ပွဲတော် ယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝက္ကမူကျေးရွာ ဒို့ရွှေမူယိမ်းအဖွဲ့၊ ဒုတိယဆုရရှိသည့် ပညာရေးဌာနယိမ်းအဖွဲ့၊ တတိယဆုရရှိသည့် ကျန်းမာရေးဌာနယိမ်းအဖွဲ့နှင့် နှစ်သိမ့်ဆု ၇ ဆု တို့အား ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လှပျိုဖြူယိမ်းအဖွဲ့နှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို၊ သင်္ကြန်မိုး၊ ရွှေမန်းမာလာသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)