မိတ္ထီလာ ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ ၆ နာရီက နန်းတော်ကုန်းရပ်ကွက် ဆည်မြောင်းရှင်းလင်းဆောင်အနီး မိတ္ထီလာမြောက်ကန်ပေါင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပိတ်ပွဲ အခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်ဖြင့် မြို့ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေိးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ဧည့်ခံဖျော်ဖြေခဲ့ကြသည့် ရပ်ကွက်ကျေးရွာများမှ ယိမ်းအဖွဲ့များ၊ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ စတုဒီတာကျွေးမွေးကြသည့် ဌာနဆိုင်ရာများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်ဟောင်းလွန်မြောက် နှစ်သစ်ကူး မင်္ဂလာရှိသော အချိန်ခါသမယမှာ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်၍ နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ပြောကြားသည်။ ၎င်းနောက် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြနန္ဒာတေးသီချင်းဖြင့် သီဆိုခဲ့ပြီး ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)