ဘားအံ ဧပြီ ၁၆
ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ဖြစ်သည်နှင့်အညီ ဘားအံမြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများ၊ စတုဒိသာတည်ခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိ ကွင်းရှိ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊နိုင်ငံကျော်တေးသံရှင် အစ္စဏီ၊ D ဖြိုး၊ ရိုဇယ်(လ်)လီတို့၏ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း၍ ယိမ်းအဖွဲ့များနှင့်တေးသံရှင်များအားဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဗဟိုမဏ္ဍပ်စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဖူးငုံပွင့်သစ်အမှတ်(၁)ရေကစား မဏ္ဍပ်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ်မိသားစုရေကစားမဏ္ဍပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ်ဝန်ထမ်း မိသားစုများ ရေကစားမဏ္ဍပ်၊ ပိတောက်ထိပ်ထားအမှတ်(၅)ဖျော်ဖြေရေးမဏ္ဍပ်၊ ဖူးပွင့်ဆင်ယင်လှာကမြင် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၊ ကရင်ပြည်နယ်စည်ပင်သာယာရေးမဏ္ဍပ်၊ ပိတောက်ဖူးငုံရွှေနောင်လုံ ရေကစားမဏ္ဍပ်၊ ကော့က သောင်ခရီးစဉ်ဒေသ၊ ပိတောက်လက်ဆောင်လှာကဒေါင်ရေကစားမဏ္ဍပ်၊ ပိတောက်မြတ်နိုးအမှတ်(၉)ရေကစားမဏ္ဍပ်များ သို့လှည့်လည်ရေကစားကြရာ ရောက်ရှိလာသော ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား သက်ဆိုင်ရာသင်္ကြန်မဏ္ဍပ်အသီးသီးမှ တာဝန်ရှိသူများနှင့် သင်္ကြန်ပျိုမေလေးများက ပန်းကုံးစွပ်၍ အောင်သပြေခက်ဖြင့် အတာရေပက်ဖြန်းခရီးဦးကြိုပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြကာ ဂုဏ်ပြုဆုများ အသီးသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရေကစားမဏ္ဍပ်များနှင့်ဖျော်ဖြေရေးမဏ္ဍပ်များတွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများအား အတာရေအေးပက်ဖြန်းပေး၍ စတုဒိသာအဖြစ်တည်ခင်းဧည့်ခံသော သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေယဉ်အေး အစရှိသော သင်္ကြန်စာများကို သုံဆောင်ကြကာ ရေပက်ရေကစားကြသူများအားဝေငှပေး၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
အလားတူ မြန်မာသက္ကရာဇ်(၁၃၈၇)ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ စတုတ္ထည ယှဉ်ပြိုင်မှုကို ဧပြီ ၁၅ ရက် ညပိုင်းက ဘားအံမြို့ သီရိကွင်း ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများက Copy သံစဉ်ယိမ်း ၁၄ ဖွဲ့၊ တပင်တိုင် ၆ ဦးတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ဘားအံမြို့တွင် ပထမဦးဆုံးအကြိမ်ထည့်သွင်းကျင်းပသော နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ရှိ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမဏ္ဍပ်တွင် နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ဒုတိယညအဖြစ် ခလေးပွဲ ၇ ပွဲ၊ လူလတ်ပွဲ ၁၀ ပွဲ၊ စာချုပ်စိန်ခေါ်ပွဲ ၇ ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)