ဟားခါး ဧပြီ ၁၆
၂၀၂၆ ခုနှစ် ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်လမ်းလျှောက်သင်္ကြန်သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီးနှင့် မိသားစုဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့ ဇနီးများ၊ စစ်ဗျာဟာအခြေချ (ဟားခါး) တပ်နယ်မှ စစ်ဗျူဟာမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သရုပ်ဖော်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပိတောက်ပျိုမေ၊ ယိမ်းလှပျို၊ ပိတောက် နတ်သမီး၊ ရွှေဖူးဝါ၊ ယမင်းရွှေစင်၊ သင်္ကြန်ပန်းကလေးများ၊ မိညိုမြနှင့်ရွှေငုဝါမေယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် တစ်ကိုယ်တော် သီဆိုကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ၂၀၂၆ ခုနှစ် ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ညနေ ၄ နာရီခွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ကျင်းပရာ ချင်းပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ယိမ်းအကအဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်(အငြိမ်းစား) ဦးဆွန်းဒုတ်ကျင့်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ဧည့်ပရိသတ်များနှင့်အတူပျော်ရွှင်စွာ ရေပက် ကစားကြကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက် )