ရန်ကုန် ဧပြီ ၁၆
၁၃၈၇ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလ ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြသူများ အထူးစည်ကားများပြား လျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် လမ်း လျှောက်သင်္ကြန်သို့ ရောက်ရှိပြီး သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်တွင် ပျော်ရွှင် စွာ ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် Royal-Apex မဏ္ဍပ်၌ မြို့ရွှေမန်းသားဖိုးချစ်နှင့်အဖွဲ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ မြူးကြသည့် အဆို၊ အက သင်္ကြန် သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည်ရူ့အားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကာ သပြေခတ်ဖြင့် ရေပက်ဖျန်းပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိ ရာ သင်္ကြန်ယိမ်းအဖွဲများက သပြေခတ်ဖြင့် ရေပက်ဖျန်းပေးပြီး မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်း အကြား လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တေးသံရှင် များက ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာ နိုင်ငံဂီတအစည်းအရုံးမှ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရူ အားပေးပြီး ဆက်လက်၍ ကျောက်တံတားခရိုင်မဏ္ဍပ် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သွားရောက်ကြကာ သင်္ကြန်ချစ်သူပြည်သူများနှင့် အတူပျော်ရွှင်စွာပါဝင်ဆင်နွဲကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)