မြိတ်မြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ

မြိတ် ဧပြီ ၁၆

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ ဧပြီ(၁၆)ရက်တွင် နှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စည်ကားသိုက်မြိုက်စွာ နွှဲပျော်လျက်ရှိကြပြီး ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြ၍ မြိတ်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ နွှဲပျော်လျက်ရှိကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်တို့တွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများ၊ DJ Music ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေလျက်ရှိကြရာ မဏ္ဍပ်ရှေ့တွင် ပြည်သူများမှ အေးချမ်းပျော်ရွင်စွာသင်္ကြန်ပွဲတော်ကို နွှဲပျော်လျက်ရှိသလို လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်လည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် လမ်းလျှောက်ခြင်း၊ ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ နွှဲပျော်လျက်ရှိကြသည်။

သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှစတင်ကာ သင်္ကြန်ချစ်သူပြည်သူများ၊ လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ရေပက်ခံမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် အေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ခံထွက်လျက်ရှိကြပြီး လူကြီးလူငယ်များမှလည်း သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများဖွင့်၍ လမ်းသွားလာပြည်သူများ၊ သင်္ကြန်ပွဲတော်နွဲပျော်လျက်ရှိကြသည့် သင်္ကြန်ချစ်သူများအား အတာရေပက်လောင်းခြင်း၊ မော်တော်ယာဉ်တစ်စီးမှတစ်စီးသို့လည်း ရေပက်ကစားခြင်းဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နွှဲပျော်လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)