ညောင်ဦးမြို့ သင်္ကြန်အတက်နေ့တွင် စည်ကား

ညောင်ဦး ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဧပြီလ ၁၆ ရက်နေ့တွင် ပုဂံမြို့ဟောင်း သရပါတံခါးမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန် ကျင်းပလျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျင်းပလျက်ရှိသည့် လမ်းလျှောက်သင်္ကြန်တွင် ယိမ်းအဖွဲ့ (၉) ဖွဲ့၊ သံစုံတီးဝိုင်း (၆) ဝိုင်းမှ တေးသံရှင်များ၊ ကျောက်ပန်းတောင်းမြို့မှ မေတ္တာဖြင့် လာရောက်ပူးပေါင်းဖျော်ဖြေသည့် အငြိမ့်မင်းသမီး ဘိုမတို့ဖြင့် ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်တစ်လျှောက် ဝဲ/ယာတို့တွင် ရေကစားမဏ္ဍပ်များ၊ ရေကစားသူများ၊ စတုဒိသာမဏ္ဍပ်များ၊ အလှရိုက်ကူးရန် ပုဂံထီး၊ ပုသိမ်းထီးတို့ဖြင့် အလှဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနေသူများ၊ နွားလှည်းစီး၍ ရေကစားသူများ၊ လှေကြီးများထဲ ရေထည့်၍ ရေပက်နေသူများ၊ သနပ်ခါးမဏ္ဍပ်တွင် သနပ်ခါးနံ့သာလိမ်းခြယ်နေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အနယ်နယ်အရပ်ရပ်မှ လမ်းလျှောက်သင်္ကြန် လာရောက်ကြသည့် ပြည်သူများ အမှတ်တရစကားလုံးများ ရေးထိုးစေခြင်းနှင့် စတုဒိသာ ကျွေးပြီးချိန် ပလတ်စတစ်ခွက်များ၊ ဖော့ဘူးများ၊ စည်းကမ်းမဲ့မစွန့်ပစ်စေရေး စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ပုံးကြီးများ လမ်းဘေးဝဲယာတစ်လျှောက် ချထားပေးခြင်းတို့ဖြင့် လမ်းလျှောက်သင်္ကြန်အား ရှေးဟောင်းအငွေ့အသက် ပြည့်ဝစွာဖြင့် ကျင်းပလျက်ရှိသည်။ ထို့ပြင် သရပါတံခါးမှဝင်ဝင်ခြင်း ပုဂံအငွေ့အသက် မုခ်ဦးပုံစံကြီးနှင့် ဓာတ်ပုံတွဲရိုက်သူများ များပြားလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း