ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ ပါဝင်ဆင်နွှဲ

ဒဂုံဆိပ်ကမ်း ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သင်္ကြန်အတက်နေ့တွင် ပဲခူးမြစ်လမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များက အက၊ အလှများဖြင့်လည်းကောင်း နိုင်ငံကျော်တေးသံရှင်များနှင့် တေးသံရှင်များက ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း အလှည့်ကျ ကပြဖျော်ဖြေခဲ့ကြပြီး ရေကစားသူပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့နှင့် ပညာရေးမိသားစုများက မုန့်လက်ဆောင်း စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။ မြို့နယ်ဗဟိုရေကစားမဏ္ဍပ်သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ တေးသံရှင်များအား ဆုတော်ငွေများ အသီးသီး ချီးမြှင့်သည်။

ထို့အပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ ရေကစားနိုင်ရေးအတွက် လုံခြုံရေးနှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များနှင့် နေအိမ်များ၌လည်း စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ချစ်ကြည်ရင်းနှီးစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)