နေပြည်တော် ဧပြီ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ဗဟိုမဏ္ဍပ်များ၊ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများကို ကျင်းပခဲ့ပြီး ယမန်နေ့ မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်များ၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ သင်္ကြန်ပွဲတော်ကျင်းပနေမှုအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့် တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ စတုဒိသာအကျွေးအမွေးများနှင့် မြန်မာ့ရိုးရာ သနပ်ခါး သရုပ်ပြလိမ်းခြယ်ခြင်းများအား မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အညီ မြန်မာ့ရိုးရာ အတာရေသဘင်ပွဲကျင်းပနေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲကြသူများအား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် သင်္ကြန်ရေအေး ပက်ဖျန်းပေးကာ ဗဟိုမဏ္ဍပ်များတွင် ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး နေပြည်တော်အတွင်းရှိ ကျန်ရှိသည့်မြို့နယ်များတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို အလားတူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)