ဟားခါး ဧပြီ ၁၆
၂၀၂၆ ခုနှစ် ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့ လမ်းလျှောက်သင်္ကြန်ကို ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရှေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့ လမ်းလျှောက်သင်္ကြန်သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီးနှင့် မိသားစုဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ယိမ်းအကအဖွဲ့များနှင့် ဧည့်သည်တော်များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ သရုပ်ဖော်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပိတောက်ပျိုမေ၊ ယိမ်းလှပျို၊ ပိတောက်နတ်သမီး၊ ရွှေဖူးဝါ၊ ယမင်းရွှေစင်၊ သင်္ကြန်ပန်းကလေးများ၊ မိညိုမြနှင့် ရွှေငုဝါမေယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် တစ်ကိုယ်တော် သီဆိုကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ချင်းပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့သို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား စတုဒီတာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)