မဟာသင်္ကြန်အကြတ်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် များတွင် သင်္ကြန်ချစ်သူများဖြင့် ယခင်နေ့များထက် ပိုမိုအေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား ဧပြီ ၁၆

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ယမန်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့် နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

အဆိုပါ သင်္ကြန်ပွဲတော်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်၊ ဗဟိုမဏ္ဍပ်တည်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အထူးစည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ သင်္ကြန်ချစ်သူများနှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲခဲ့သည်။

ထို့အတူ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒိသာမဏ္ဍပ်များတွင် မြန်မာ့ရိုးရာအစာ အစားများဖြစ်သည့် လက်ဖက်၊ ထမင်းနဲ၊ မုန့်လုံး ရေပေါ် စသည့် သင်္ကြန်အစားအစာများအား စတုဒိသာမဏ္ဍပ်များတွင် ဧည့်ခံကျွေးမွေးမှုများ၊ မြန်မာ့ သနပ်ခါးမဏ္ဍပ်တို့တွင် သနပ်ခါးလိမ်းခြယ်ပေးခြင်း၊ ရေပက်ကစားခြင်းတို့အပြင် ဗဟိုမဏ္ဍပ်မှ ခေတ်ပေါ် တေးဂီတာများဖြင့် ဖျော်ဖြေမှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် ယမန်နေ့များထက် အထူးစည်ကားလျက်ရှိသည့်အပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိသည့် မင်းရပ်ပြည်သူ့အားကစားကွင်းအတွင်းရှိ လမ်းလျှောက်သင်္ကြန်နှင့် ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင်လည်း ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုများ၊ လာရောက်လည်ပတ်ရေကစားသူများဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း အုန်းလက်မဏ္ဍပ်များဖြင့် ကလေးငယ်များ ပျော်ရွှင်စွာရေကစားလျက်ရှိသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက စုပေါင်း၍ လမ်းသွား/လမ်းလာများ၊ ရေပက်ခံထွက်သူများအား စတုဒိသာအဖြစ် သစ်သီးဖျော်ရည်၊ အအေးမျိုးစုံနှင့် မြန်မာ့လက်ဖက်၊ ထမင်းနဲတို့ဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြသည့်အပြင် မြို့ပေါ်ရှိ အများပြည်သူအပန်းဖြေ ရာပန်းခြံများတွင်လည်း သင်္ကြန်လည်ပတ်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ယမန်နေ့ ညပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းအဖွဲ့များက ကိုယ်ပိုင်သံစဉ်/ကိုယ်ပိုင်စာသား/ကိုယ်ပိုင်တီးဝိုင်းဖြင့် လည်းကောင်း၊ ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား/ CD ဖြင့်လည်းကောင်း၊ CD တေးသီချင်းများဖြင့် လည်းကောင်း ယှဉ်ပြိုင်လျက်ရှိရာ သင်္ကြန်ချစ်သူပရိသတ်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ တီးဝိုင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ချီးမြှင့်ငွေများကို ပေးအပ်ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)