ထားဝယ် ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်တပ်နယ်မဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား တနင်္သာရီတိုင်းဒေသကြီဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်၍ ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များ၊ သီဆိုဖျော်ဖြေသည့် တေးသံရှင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ပြီး သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲသော ဒေသခံပြည်သူများအား အချိုရည်ဘူးများ ဝေငှပေးသည်။
ဆက်လက်၍ တာဝန်ရှိသူများက မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏သီဆိုဖျော်ဖြေနေမှုများ၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးသည်။ ထားဝယ်တပ်နယ်နှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများဖြင့် အအေး၊ ဖျော်ရည်၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများဖြင့် သီဆိုဧည့်ခံ ကပြဖျော်ဖြေလျက်ရှိရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုအလိုက် သင်္ကြန်မဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ် သင်္ကြန်ရေပက်ခံထွက်ကြပြီး အများပြည်သူရုံးပိတ်ရက်များတွင် မိမိတို့ ကြိုတင်စီစဉ်ထားသောနေရာများသို့ ဘုရားဖူးသွားကြပြီး ဒေသန္တရဗဟုသုတများကို ရှာဖွေခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)