တောင်ကြီးမြို့၌ မဟာသင်္ကြန်အကြတ်နေ့ လမ်းလျှောက်သင်္ကြန်တွင် ရေကစားသူများဖြင့် စည်းကား

တောင်ကြီး ဧပြီ ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ ၁၅ နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ ပြည်သူများ ပျော်ရွှင်စွာရေပက်ကစားလျက်ရှိကြပြီး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့်ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပရာတွင် ရေပက်ကစားကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်တွင် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာထမနဲသင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပခြင်း၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများအပြင် သင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အကြတ်နေ့တွင်လည်း မိသားစုရေကစားမဏ္ဍပ်အပါအဝင် မြို့နယ်တွင်းရှိ နေရာအနှံ့အပြားတွင် စတုဒီသာများ ကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့နောက် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါး လိမ်းခြယ်နေကြသည့် ပြည်သူများ၊ မြန်မာ့ရိုးရာ ထမနဲမဏ္ဍပ်၊ ကော်ဖီမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်တို့တွင် မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် စတုဒိသာများ ပြုလုပ်ကျွေးမွေးလှူဒါန်းခြင်း၊ မြို့ပေါ်ရှိသင်္ကြန်မဏ္ဍပ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်းဖြင့် ဆက်လက်ဆင်နွှဲကြသည်။

ထို့အတူ သင်္ကြန်အကြတ်နေ့တွင် လူကြီး၊ လူငယ်အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားစခန်းဝင်ရောက်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရည်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် သက်ကြီးပူဇော်ခြင်း၊ ဘုရားရေသပ္ပါယ်ခြင်းတို့ဖြင့် နှစ်သစ်ကူး ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး