ပင်းတယ ဧပြီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပင်းတယ၊ အောင်ပန်းနှင့် ရပ်စောက်ကားလမ်းမပေါ်ရှိ သဘာဝပုန်းတလုတ်ရေကန်သာမြောက်ဘက် ဈေးတန်းရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်ပွဲတော် ကျင်းပနေမှုများနှင့် စတုဒိသာကျွေးမွေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှုအားပေးသည်။
ဆက်လက်၍ ဒေသဥက္ကဋ္ဌက နှစ်သစ်ကူးနှုတ်ဆက်အမှာစကားပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဇနီးနှင့်တာဝန်ရှိသူများမှ ဧည့်သည်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်းနှင့် အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရကာ သင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖြစ်ပြီး၊ ၎င်းပွဲတော်တွင် လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာလက်ဖက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပွဲတော်ရက်အတွင်း ဓနုတိုင်းရင်းသားရိုးရာတေးသံရှင်များ၊ ဓနုရိုးရာအကအလှများ၊ အနုပညာဝါသနာရှင်များနှင့် ယိမ်းအကအဖွဲ့များမှ သီဆိုကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)