မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

ချမ်းအေးသာစံ ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေငါးနာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေးက မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မန်းစည်ပင်ယိမ်းအဖွဲ့၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ယိမ်းအဖွဲ့များ၊ ကျောင်းသူ ၅၀၀ ဦးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ယိမ်းအဖွဲ့ ၄၀၀ ဦးတို့က ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် သံတော်ဆင့်အဖွဲ့နှင့် ဝင်းခင်းမည့်အဖွဲ့များက ဂုဏ်ပြုသရုပ်ပြခြင်း၊ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ မျက်မှောက်ခေတ်တို့ကို ကိုယ်စားပြုသည့် ခေတ်ခြောက်ခေတ်သမီးပျိုများက လှည်းယာဉ် ၁၂ စီးတို့ဖြင့် ဖြတ်သန်းဂါရဝပြုခဲ့ကြသည်။ ဆက်လက်ပြီး အကသရုပ်ဖော်ယိမ်းအဖွဲ့ရှစ်ဖွဲ့မှ အဖွဲ့လိုက်အလှပြဖြတ်သန်းဂါရဝပြုခဲ့ပြီး မြို့မငွေငန်းအလှပြယာဉ်မှ ယဉ်ကျေးမှုဖြင့် ဝတ်စားဆင်ယင်ထုံးဖွဲ့ထားသော လှပျိုဖြူလေးများက မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့ ဖြတ်သန်းဂါရဝပြုခြင်း၊ ယိမ်းအဖွဲ့များက အလှပြယာဉ်အား ဝိုင်းပတ်ကပြဂါရဝပြုခဲ့ကာ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)