ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင် မဟာသင်္ကြန်အကျနေ့ ပြည်သူများ ပျော်ရွှင်စွာရေကစား

ကျောက်ပန်းတောင်း ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ ပြည်သူများ ပျော်ရွှင်စွာရေပက်ကစားလျက်ရှိကြပြီး၊ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း ရေပက်ကစားကြသူများ စတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ရေပက်ကစားကြသူများ၊ ရေပက်ခံသူများဖြင့် မြို့ပေါ်လမ်းမများတွင် စည်ကားလျက်ရှိပြီး၊ ယနေ့ သင်္ကြန်အကျနေ့တွင်လည်း မြို့လယ်လမ်းမကြီးတစ်လျှောက် ရေကစားမဏ္ဍပ်ကြီး/ငယ်များဖြင့်လည်းကောင်း၊ ရေသည်ယာဉ်များဖြင့်လည်းကောင်း ရေပက်ကစားလျက်ရှိကြသည်။ ထို့ပြင် လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စခန်းသာလမ်းပေါ်တွင် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင်လည်း ရေပက်စကားသူများ၊ ရေပက်ခံလာကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိပြီး၊ တစ်မြို့လုံးတွင် မြူးကြွသည့် သင်္ကြန်သီချင်းသံများဖုံးလွှမ်းလျက် ပြည်သူများပျော်ရွှင်စွာရေပက်ကစားလျက်ရှိကြောင်းသိရပြီး ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားဘာဝနာပွားများကြသူများ၊ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ကုသိုလ်အလှူဒါနပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)