လယ်ဝေး ဧပြီ ၁၄
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက လယ်ဝေးမြို့၊ သီရိရတနာမြို့မဈေးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် တက်ရောက်ဖွင့်လှစ်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ် မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ လယ်ဝေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍ ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား အတာရေစင်ပက်ဖျန်းပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်၊ စတုဒီသာမဏ္ဍပ်များနှင့် သနပ်ခါးမဏ္ဍပ်တို့တွင် ပြည်သူများပျော်ရွှင်စွာရေကစား ပျော်ရွှင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးသည်။
လယ်ဝေးမြို့နယ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိပြီး အကြိုနေ့ညပိုင်းတွင် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။ မဟာသင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့်ရပ်ကွက်၊ ကျေးရွာများမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များ၊ သနပ်ခါးမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ရေကစားသူပြည်သူများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)