လှိုင်းဘွဲ ဧပြီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျုံထော်ရေတံခွန်သို့ ပြည်တွင်း ခရီးသွားဧည့်သည်များ နေ့စဥ်လာရောက် လည်ပတ်လျက်ရှိရာ မြန်မာနှစ်သစ်ကူးပိတ်ရက်များအတွင်း လာရောက်လည်ပတ်သူများ များပြားလာကြောင်း သိရသည်။
ကျုံထော်ရေတံခွန်သို့ ဘားအံမြို့မှ လှိုင်းဘွဲမြို့သို့ အကွာအဝေးအားဖြင့် ၂၄ မိုင်၊ လှိုင်းဘွဲမြို့မှတဆင့် ကြာအင်း-မြိုင်ကြီးငူ-ကမော့လဲလမ်းခွဲမှသွားလျင် ထိုင်း-မြန်မာနယ်စပ် မဲသဝေါသွား ကားလမ်းနံဘေး မိုင်ပေါင်း ၃၀ ခန့်ကွာဝေးပြီး ဘားအံမြို့မှ ကျုံထော်ရေတံခွန်သို့ စုစုပေါင်းအကွာအဝေး ၅၄ မိုင်ခန့် သွားရသည်။
မြိုင်ကြီးငူဒေသမှာ လည်ပတ်စရာ အထင်ကရ စေတီပုထိုးများ၊ ကျောက်စာကွင်း စသည့်နေရာတို့တွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်ခဲ့ကြပြီး ထိုမှတစ်ဆင့် ကျုံထော်ရေတံခွန်သို့ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ ကျုံထော်ရေတံခွန်တွင် နွေရာသီကာလအတွင်း ဒေသတွင်း လူငယ်လူရွယ်များ၊ ကလေးလူငယ်များ၊ လူကြီးမိဘများ၊ ပြည်တွင်း ခရီသွားပြည်သူများ နေ့စဉ်လာရောက်ရေကစားခဲ့ကြကြောင်း၊ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များအတွင်း ခရီသွားပြည်သူများ ပိုမိုလာရောက်လည်ပတ်ခဲ့ကြကြောင်း ကျုံထော် ရေတံခွန်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတစ်ဦးထံမှ သိရသည်။
အဆိုပါ ကျုံထော်ရေတံခွန်သို့ ခရီးသွား လာရောက်ခြင်းကြောင့် ဒေသနေပြည်သူများက တောတောင် သဘာဝဒေသထွက် သဘာဝဆေးမြစ်၊ ဆေးဥများ၊ ဓညင်းသီးဆားရည်စိမ်၊ မျှစ်ချဉ်၊မျှစ်ပြုတ်၊ ပိတ်ချဥ်ရွက်၊ ကွမ်းသီး၊ ကွမ်းပေါင်း၊ ပဒက်စာ၊ ဓရင်ကောက်ညွန့်၊ ကောက်ကောက်ညွှန့်၊ ကဒက်ဥ၊ ကြိမ်ခါးဖူး၊ ဆူးပုပ်ရွက်၊ ဇရစ်ရိုး၊ တောင်ယာ ငရုပ်သီး အခြောက်များကို ခူးယူရောင်းချပေးခြင်းနှင့် ကျုံထောင်ရေတံခွန်ရောက် အမှတ်တရပစ္စည်းများ ရောင်းချပေးရာ ခရီးသွားပြည်သူများက ပျော်ရွင်စွာဖြင့် ဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)