သင်္ဃန်းကျွန်း ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း တာမွေကြီး (ခ)ရပ်ကွက် ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂)ရက်၊၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက မြန်မာ့ရိုးရာမဟာသင်္ကြန် အကြိုနေ့ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ ဒြပ်မဲ့ယဥ်ကျေးမှု သနပ်ခါးမဏ္ဍပ်နှင့် မြန်မာ့လက်ဖက်မဏ္ဍပ်တို့အား တာဝန်ရှိသူများက မိုးပျံပူဖောင်းများဖြင့် တစ်ပြိုင်နက် ဖွင့်လှစ်သည်။
မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များ၊ မြန်မာ့ရိုးရာသင်္ကြန်သီချင်း သီဆိုသည့်အဆိုရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)