မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စုပေါင်း၍ ရှမ်းရိုးရာဓလေ့နှင့်အညီ ရှမ်းသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား ဧပြီ ၁၃

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘိုးဘွားဂါရဝပြုကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရေစင်သွန်းလောင်းပူဇော်ခြင်းနှင့် ရေကစားခြင်းများကို ယနေ့မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာအတွင်းရှိ ကံသာရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ရှမ်းရိုးရာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့နှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စားတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးမှ လူငယ်အကအဖွဲ့များနှင့်အတူ ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြရာ ရှမ်းရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ရှမ်းတိုင်းရင်းသားတေးသီချင်းအကတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များတွင် သင်္ကြန်ပွဲတော်ပါဝင်ပြီး ဓလေ့ထုံးစံများနှင့်အညီ ပြုလုပ်ကျင်းပမှုကို ရှမ်းမျိုးဆက်သစ်လူငယ်များ သိရှိနားလည်စေရန် ယခုလိုကျင်းပ ပြုလုပ်ပေးခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူပါကြောင်းနှင့် တက်ရောက်ပါဝင် ဆင်နွှဲခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်းပြောကြားပြီး ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပွဲတော်ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရှမ်းမျိုးနွယ်စုများမှ သက်ကြီးဘိုး/ဘွားများအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ရှမ်းရိုးရာသင်္ကြန်ပွဲတော်အတွက် ချီးမြှင့်ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာကိန္နရီ/ကိန္နရာအက၊ တိုးနယားအက၊ ရိုးရာတေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံနှင့်အညီ ဘုရားရေသပ္ပယ်ခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)