မူဆယ် ဧပြီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးရှိ ဗဟိုမဏ္ဍပ်တွင် ၂၀၂၆ ခုနှစ်၊ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ တရုတ်နိုင်ငံဘက်မှ ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံဘက်မှ ဧည့်သည်တော်များမှ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာလက်ဖက်သင်္ကြန်၊ မြန်မာ့ရိုးရာထမနဲသင်္ကြန်၊ မြန်မာ့ရိုးရာ ကော်ဖီသင်္ကြန်မဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက်ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊ ရှမ်းသင်္ကြန်အကဖြင့် ဆက်လက်ကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော တရုတ်နိုင်ငံဘက်မှ ဧည့်သည်တော်များနှင့် မြန်မာနိုင်ငံဘက်မှ ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များအား သပြေခက်များဖြင့် ရေပက်ဖြန်းခဲ့ကြသည်။
ဆက်လက်၍ ဧည့်သည်တော်များက လမ်းလျှောက်သင်္ကြန်သို့ လှည့်လည်ရေပက်ခံကြပြီး၊ တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များဖြင့် ဆက်လက်ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)