မင်္ဂလာမန္တလေးမဏ္ဍပ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည်  ဧပြီ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့သစ် ၂ ရပ်ကွက်ရှိ မင်္ဂလာမန္တလေးအ​ရှေ့တွင် ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဋ္ဌေး၊ New Starlight Construction Co.,Ltd ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက New Starlight Construction Co.,Ltdနှင့် မိတ်ဖက်ကုမ္ပဏီများ ပူးပေါင်းကျင်းပသော မြန်မာ့ရိုးရာသင်္ကြန်ရေကစား ပွဲတော်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ အမွှေးနံ့သာသပြေခက်ဖြင့် ရေပက်ဖျန်းပေး၍ အတာသင်္ကြန်အားကြိုဆိုပြီး၊ New Starlight Construction Co.,Ltd ၏ ဦးဆောင်မှုနှင့်အတူ မိတ်ဖက်ကုမ္ပဏီများက Kenbo EV ဆိုင်ကယ် (၁၀) စီးကို အသက် ၁၅ နှစ်မှ ၄၀ နှစ်ကြားလူငယ်  ၁၀၀၀ ကျော်အား မဲဖောက်ပေးခဲ့ပြီး နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ထက်ယံ၊ Ar-T တို့နှင့်အတူ အခြားတေးသံရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအက အဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်)