ရွှေကူ ဧပြီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၃) ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ရဲမှူးမြင့်ဇော်က “မန်းတောင်ရိပ်ခို” သီချင်းဖြင့်သီဆို၍ ယိမ်းအဖွဲ့များမှ ယိမ်းအကအလှများဖြင့် အေးချမ်းပျော်ရွှင်စွာ ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းရာ၌ အညစ်အကြေးများ ဆေးကြောရန်ရည်ရွယ်၍ ကျင်းပသည့်ရိုးရာပွဲတော်ဖြစ်သည်နှင့်အညီ ရွှေကူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် သင်္ကြန်ရေကစားရန် လာရောက်ကြသည့် ပြည်သူများအတွက် မြန်မာ့ရိုးရာသနပ်ခါးများ လိမ်းခြယ်နိုင်ရန် စီစဉ်ထားရှိပေးခြင်း၊ ယိမ်းအကများ၊ သီဆိုများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ သာကူကြို၊ အအေး စသည့် စတုဒီတာများ ကျွေးမွေးခြင်းများကို သင်္ကြန်ကာလအတွင်း နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်၍ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ် ရေကစားနိုင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်