တာမွေမြို့နယ်၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြု ပူဇော်ပွဲကျင်းပ

တာမွေ ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အ‌ပေါင်းတို့က  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူဆောက်တည်သည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားခဲ့ကြပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆုထူးပန်ကျောင်းတိုက် ဆရာတော်ထံမှ ဩဝါဒကထာ နာကြားခဲ့ကြသည်။ ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှ‌ပေးဝေခဲ့ ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မေတ္တာစံအိမ်၌ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူနေသော လူမျိုး‌ပေါင်းစုံ၊ ဘာသာ‌‌ပေါင်းစုံမှ မူးယစ်ဆေးဖြတ် သင်တန်းသားများကလည်း လိုအပ်သည်များ ဝိုင်းဝန်းပူး‌ပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)