ဆိပ်ကြီးခနောင်တို ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးများ ကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ဒေသန္တရဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဆေးဝါးကုသပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်များအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုအတက်အကျ သွေးဖောက်စစ်ပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအား ဆေးဝါးကုသပေးခြင်းအပြင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များကိုလည်း လစဥ်ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အားလစဥ်ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်း စသည်ဖြင့် မြို့နယ်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)