သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲပြုလုပ်

သုံးခွ ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်တွင် ယခုလိုပန်းချီပညာကို သင်ယူနိုင်ခဲ့သည့်အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာနိုင်မည်ဖြစ်ကြောင်း နောင်အခါ သင်တန်းများထပ်မံဖွင့်လှစ်ပါက ဆက်လက်တက်ရောက်စေလိုကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ယခုလို ပန်းချီသင်တန်းတွေကို နောင်နှစ်တွေမှာလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပန်းချီပညာကို အခြေခံမှစ၍ လေ့လာတတ်မြောက်သင်ယူနိုင်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ သင်တန်းပြီးဆုံးပေမဲ့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင်လည်း ဗဟုသုတရဖွယ် စာအုပ်စာပေများ လာရောက်ဖတ်ရှုနိုင်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် ပန်းချီ မျိုးနိုင်(သုံးခွ)က ဆုများရွေးချယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခြေခံပန်းချီသင်တန်းတွင် ပထမဆုရရှိသူ မောင်အောင်မြင့်မိုရ်ဦး၊ ဒုတိယဆုရရှိသူ မခင်ကျော့ကျော့စံသာနှင့် တတိယဆုရရှိသူ မမေမြတ်သီရိအောင်တို့အား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပန်းချီရေးဆွဲနည်းသင်တန်းကို ဧပြီ ၂ ရက်နေ့မှ ဧပြီ ၉ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀) ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)