ရွှေပြည်သာ ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ (၁၃၈၇)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ ကော်မတီအဖွဲ့များက ကြိုတင်ပြင်ဆင်မှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း ပြည်သူများ လွတ်လပ်ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရေး၊ စတုဒိသာကျွေးမွေးနိုင်ရေး၊ ယိမ်းအကအဖွဲ့များ ကပြဖျော်ဖြေနိုင်ရေးတို့အတွက် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီအလိုက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မြန်မာနှစ်သစ်ကူးရက်ဖြစ်သော နှစ်ဆန်းတစ်ရက်နေ့တွင် မြို့တွင်းဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်း၊ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)