ကော့မှူး ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက ယခုနှစ်မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်၊ လမ်းလျှေက်သင်္ကြန်မဏ္ဍပ်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူများ ရေကစားနိုင်စေရန်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားစေရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအားလုံး စည်းစည်းလုံးလုံး တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍သက်ဆိုင်ရာဌာနဆိုင်ရာများက သင်္ကြန်မဏ္ဍပ်များတာဝန်ဆောက်မှုကုန်ကျစရိတ်များ၊ လုံခြုံရေးဆောင်ရွက်မှုအခြေအနေများ၊ သက်ကြီးပူဇော်ပွဲဆောင်ရွက်မည့် အခြေအနေများ၊ ငါးလွှတ်ပွဲကျင်းပမည့်ကိစ္စရပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ယူ ဆောက်ရွက်နေမှုအခြေအနေများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)