တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုသိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲကျင်းပ

တွံတေး ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအိမ်တွင်းလက်မှုသိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းဆင်းပွဲတွင် တွံတေးမြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိမ်း (မင်းသျှင်အောင် တွံတေး)က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက နွေရာသီအားလပ်ရက် ကျောင်းသူများ၊ အမျိုးသမီးငယ်များ အိမ်တွင်းမှုအတတ်ပညာ တတ်မြောက်၍ မိသားစုတစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးပွားလာစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုအနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် လက်မှုပညာတစ်ခုဖြစ်သော အိမ်တွင်းလက်မှု သိုးမွှေးချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေက လက်မှုအတတ်ပညာတတ်ထားလျှင် မိသားစုဝင်ငွေတိုးမည့် လုပ်ငန်းဖြစ်သည့်အတွက် ကြိုးကြိုးစားစား လေ့လာသင်ယူကြသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မသိတာရှိရင် ဖုန်းဆက်မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းကို နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေနှင့် အကူနည်းပြတစ်ဦးတို့က သင်တန်းသား (၂၀)ဦးကို ဧပြီ(၂)ရက်နေ့မှ (၁၀)ရက်နေ့အထိ နံနက် ၉ နာရီမှ နံနက် ၁၂ နာရီအထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)