လယ်ဝေး ဧပြီ ၁၁
ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနွေရာသီကျောင်းပိတ်ရက်များတွင် မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျသင်ယူနိုင်ပြီး ကျန်းမာကြံ့ခိုင်သည့် ဘက်စုံထူးချွန်သော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရက သင်တန်းဆင်းအမှာစကား ပြောကြားပြီး အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များနှင့် လက်ဆောင်ပစ္စည်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်နှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ ထို့နောက် အေရိုးဗစ်သင်တန်း (အငယ်တန်းနှင့်အကြီးတန်း) သင်တန်းသူ များနှင့် လက်ဝှေ့သင်တန်းသားများက သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအတွက် ဘောလုံး၊ ဖူဆယ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ မြန်မာ့သိုင်း စသည့် အားကစားနည်း ၈ မျိုးကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)