တံတား ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခြေခံဂီတာတီးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အနုပညာဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ လူငယ်များအကြား အနုပညာဝါသနာကို မြှင့်တင်ပေးနိုင်ရန်၊ အခြေခံဂီတာတီးသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း ပိုမိုကောင်းမွန်သောသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန်စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ သင်တန်းနည်းပြဆရာ ဦးဇော်လင်းထက်က သင်တန်းကာလအတွင်း သင်ကြားပေးခဲ့သည့် ဂီတအခြေခံ သီအိုရီများနှင့် လက်တွေ့တီးခတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက သင်တန်းနည်းပြဆရာအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်းနှင့် သင်တန်းသားများအား အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်များအား လက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ သင်တန်းဆင်းပွဲ အခမ်းအနား အထိမ်းအမှတ်အဖြစ် သင်တန်းသားများက မိမိတို့လေ့လာသင်ယူခဲ့သည့် ဂီတာတီးခတ်မှု အခြေခံနည်းစနစ်များကို အသုံးပြု၍ တေးသီချင်းများဖြင့် စုပေါင်းတီးခတ်ဖျော်ဖြေခြင်း၊ တစ်ဦးချင်းစွမ်းရည်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)