ပူတာအိုခရိုင်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန)သင်တန်းဆင်းပွဲ ကျင်းပ

ပူတာအို ဧပြီ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် I.P.S.S Putao ကိုယ် ပိုင်မူလတန်းကျောင်းတို့ပူးပေါင်းမှုဖြင့် ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ(၁၀)ရက် ညနေ (၃)နာရီခွဲက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် I.P.S.S Putao ကိုယ်ပိုင်မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးထက်အောင်ကျော်က အင်္ဂလိပ်စာတတ်မြောက်ခြင်းအားဖြင့် မိမိဘဝတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည့် အပြင်ဝင်ငွေတိုးပွားလာမှာဖြစ်ပါကြောင်း၊ ပူတာအိုခရိုင်တွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက အင်္ဂလိပ်စာတတ်မြောက်ထားသူများအတွက် များစွာအကျိုးပြုလာမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာ တတ်မြောက်ခြင်းအားဖြင့် နိုင်ငံတကာသို့ အခက်အခဲ မရှိသွားရောက်နိုင်မှာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သားတို့ သမီး တို့အနေဖြင့် အင်္ဂလိပ်စာကို အမြဲမပြတ် သင်ယူလေ့လာစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာတိုးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက သင်တန်းထူးချွန်ဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းနည်း ပြဆရာများအား ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း(၄၀)ဦးတို့အား မတ်လမှဧပြီလအထိ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာရက်များတွင် နေ့စဉ် မွန်းလွဲ(၃)နာရီခွဲမှ (၅)နာရီအထိ သင်တန်းနည်းပြ ဆရာများက ပညာဒါနအဖြစ် သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                       

ခရိုင် (ပြန်/ဆက်)