မြစ်သားမြို့နယ် ညောင်ဝန်းဘုန်း‌တော်ကြီး‌ကျောင်း၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

မြစ်သား ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ညောင်ဝန်းကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တသည် ကလေးများကို လူတော်လူကောင်းများဖြစ်စေရန်၊ ရတနာသုံးပါးကို ကြည်ညိုကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးတို့ကိုသိတတ်စေရန်၊   စိတ်ထားနူးညံ့စေရန်၊ ပိုမိုယဉ်ကျေးလိမ္မာလာ သောကလေးများဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို မတ် ၁၂ ရက်မှ ဧပြီ ၁၂ ရက်အထိ နေ့စဉ် နံနက်၈ နာရီမှ ၁၀နာရီခွဲအထိ တစ်လကြာ ညောင်ဝန်းကျောင်းတွင် သင်ကြားပေးလျှက်ရှိသည်။

 အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ညောင်ဝန်းကျောင်းထိုင်ဆရာတော်ဦးဝိစိတ္တက နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဗုဒ္ဓဝင်အကျဉ်း၊ လောကနီတိ၊ ဘုရားရှိခိုးစသည့် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်နှင့် အခြားသိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများကို သင်ကြားပေးလျက်ရှိသည်။ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၅၀ သင်ကြားလျက်ရှိပြီး အာဟာကဒါနကုသိုလ်ရှင်များက နေ့စဉ်လှူဒါန်းကျွေးမွေးကြောင်းသိရသည်။

အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီ ၁၂ရက်တွင် အကြီးတန်း၊အငယ်တန်း နှစ်တန်းခွဲ၍ ‌စာ‌မေးပွဲ‌ဖြေဆိုမည်ဖြစ်ပြီး ပထမဆု တစ်သိန်းကျပ်၊ ဒုတိယ ရှစ်သောင်းကျပ်၊ တတိယ ငါးသောင်းကျပ်နှင့် ဂုဏ်ထူးရဘာသာများအတွက် နှစ်သောင်းကျပ် အသီးသီးကို ဆုရရှိသော ကျောင်းသား၊ ကျောင်သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်၍ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ညောင်ဝန်းကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)