သုံးခွ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ကြပ်ကြီးထွန်းအောင်ခန့်က လူကုန်ကူးမှုအန္တရာယ်ကင်းဝေးရေး၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသော ဆိုးကျိုးများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)