မန္တလေး ဧပြီ ၁၀
၂ဝ၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၉ရက် ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြပြီး ပုသိမ်ကြီးမြို့နယ်အသင်းနှင့် မိတ္ထီလာမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီး မိတ္ထီလာမြို့နယ်အသင်းက ပုသိမ်ကြီးမြို့နယ်အသင်းကို လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများကို ချီးမြှင့်ခဲ့ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ၊ တတိယဆုရရှိသည့် သာစည်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ၊ ဒုတိယဆုရရှိသည့် ပုသိမ်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ၊ ပထမဆုရရှိသည့် မိတ္ထီလာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ချီးမြှင့်ပေးကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် မိတ္ထီလာမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေတို့ကို ချီးမြှင့်ပေးကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)